
#တန်ဖိုး ===== တစ်ကိုယ်လုံးတန်ဖိုးတွေ တွက်ပြတာ ခေတ်စားလာတော့ ကြုံဖူးတာလေး ပြောပြချင်တယ်.. ဟိုးတစ်လောက အန်ကယ်တစ်ယောက် သူ့နာရီချွတ်ပြီး " ဒီနာရီဘယ်လောက်တန်မယ်ထင်လဲ မှန်းကြည့်" ဆိုပြီး ကျွန်တော့်ကိုမေးတယ်.. (သူကချမ်းသာ အောင်မြင်နေတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦးပါ) မမှန်းတတ်ဘူးခင်ဗျ လို့ပြောလိုက်တော့ သူက ပြန်ပြောတယ်.. အမေရိကန်ဒေါ်လာ ၆သိန်း တန်တယ်တဲ့.. မြန်မာငွေနဲ့ဆို သိန်း ၇၈၀၀ ကျော်တန်တာပေါ့.. (အမလေးဗျ... အံ့သြလို့မပြီးသေး..) "ဟိုပွဲ ဒီပွဲ အခမ်းအနားတွေမှာ တစ်ခါလာလည်း ဒီနာရီ တစ်ခါလာလည်း ဒီနာရီ ဖြစ်နေမှာစိုးလို့ ဒေါ်လာ ၆သိန်း ၇သိန်း တန် နာရီချည်း ၅ လုံးလောက် ၀ယ်ထားတယ်" ဆိုတော့..... ဟိုက်......ရှားဘား.... ကျွန်တော် ပက်လက်လန်သွားတယ်... (ကိုယ်တွေ တစ်မျိုးလုံး တစ်ဆွေလုံးပိုင်ဆိုင်မှုကိုပေါင်းရင်တောင် သူ့နာရီဖိုးမရှိဘူး..) ဒါပေမဲ့.... အခုတော့ အဲ့ဒီနာရီထဲက တစ်လုံးပြီး တစ်လုံးပြန်ရောင်းနေပြီတဲ့.. " စီးပွားရေးအတွက်ငွေလိုလို့လား..အန်ကယ်.." လို့မေးလိုက်တော့ " မဟုတ်ဘူး ..ဆင်းရဲတဲ့ ဝေးလံခေါင်ဖျားက ကလေးတွေ စာသင်နိုင်အောင် စာသင်ကျောင်းတွေကို ဒီနာရီတွေနဲ့ ဆောက်မလို့ကွ.. နာရီတစ်လုံးရောင်းရတဲ့ငွေနဲ့တင် ကျောင်းပေါင်းများစွာ ဆောက်နိုင်တယ် သားရေ.." ဆိုတော့ ကျွန်တော် ဘာပြန်ပြောရမလဲမသိရတော့လောက်အောင် တော်တော်လေး ပီတိဖြစ်သွားပါတယ်.. "သားအရက်သောက်တတ်လား.." သူကဆက်မေးတယ်.. "ဟုတ်ကဲ့ တစ်ခါတစ်လေ..ပေါ့.." "အရက်ဘယ်လောက်တန်သောက်ဖူးလဲ.." "ဘလူးလေဘယ်လောက်အထိပဲ အမြင့်ဆုံးသောက်ဖူးပါတယ်.." "အန်ကယ့်မှာလည်းမိတ်ဆွေအကိုယောက်ရှိတယ်.. သူသောက်တဲ့အရက်က တစ်ပုလင်းကို မြန်မာငွေ သိန်း ၆၀ ကျော်တန်တယ်.. တစ်ပုလင်း ကုန်တာနဲ့ နောက်တစ်ပုလင်း တန်းဖောက်တာပဲ.. တစ်နေ့တော့ အန်ကယ်က သူ့ကိုမေးတယ်.. အကို အကိုပေါ့...အကိုသောက်တဲ့အရက်က သေးပေါက်ရင် ရွှေပြန်ထွက်ကျလားလို့.." (ကျွန်တော်ပြုံးမိတယ်..ဟုတ်ပ .. အရက်ပဲဟာ ဘာဖြစ်လို့ဒီလောက်ထိဈေးကြီးရတာလဲနော်..) "အကို သောက်တဲ့အရက်တစ်လုံးက ရေရှားတဲ့ဒေသက ရွာတစ်ရွာမှာ အ၀ီဇိတွင်း တစ်တွင်းတူးလို့ရတယ်.. မနက်ဖန်အကို အရက်မသောက်နဲ့ ဆိုပြီး အန်ကယ်က သူ့ဆီက အရက်တစ်လုံးဖိုး ယူလာပြီး အန်ကယ်တို့မိတ်ဆွေတစ်ဦး တစ်နိုင်ငံလုံးမှာရေတွင်းတွေ လှူနေတဲ့ဆီထည့်လှူပြီး ရေရှားတဲ့ ဒေသတစ်ခုမှာ ရေတွင်းတစ်တွင်း တူးပေးလိုက်တာ.. တစ်ရွာလုံး ရေအလျှံအပါယ်သုံးရလို့ ပျော်နေကြတာကိုလည်း မြင်သွားရော သူအရမ်းကို ပီတိဖြစ်သွားတယ်.. သူလည်း နောက်ပိုင်း ပရဟိတတွေဆို လှူချင်သွားတယ်... (သာဓု သာဓု သာဓု ...) "မ၀တ်ရဘူး..မစားရဘူး..မသောက်ရဘူးလို့ အန်ကယ်မပြောဘူးနော်..သား.. သူ့အိုးနဲ့ သူ့ဆန် တန်အောင်တော့ ၀တ်ရမယ် စားရမယ်.. ဒါပေမဲ့ အဲ့ဒီအရာတွေအပေါ်တော့ မက်မက်မောမော လုပ်မနေနဲ့.. ဒါဘယ်လောက်တန်လည်းဆိုတာလည်း ထုတ်ကြွားစရာမလိုဘူး.. ဒီ့ထက်ကောင်းတဲ့ ဒီ့ထက်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို သုံးနိုင်တဲ့သူတွေက မင်းကို ငပေါကြီးဆိုပြီး ပြောလိမ့်မယ်သားရဲ့.. မင်းကိုယ်မင်းတော့ အဟုတ်ကြီးထင်နေမှာပေါ့.. မင်းထက် အဆပေါင်းများစွာချမ်းသာသူတွေအတွက်ကတော့ မင်းဟာ ငပေါကြီးပဲ.. ရုပ်ဝတ္ထုပစ္စည်းတိုင်းဟာ တန်ဖိုးဖြတ်လို့ရတယ်ကွ.. တကယ့်တန်ဖိုးဖြတ်မရတဲ့ ရတနာဆိုတာ ဘာလဲသိလား သား.." "မသိပါဘူး ..အန်ကယ်" "သီလ သမာဓိ ပညာ..မင်းရဲ့ ကိုယ်ကျင့်တရား.. နောက်ပြီး လောကကောင်းကျိုး အများအကျိုး ဘယ်လောက် သယ်ပိုးပြီးပြီလဲဆိုတာတွေသာ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေဖြစ်လို့ ဒီရတနာတွေသာ တကယ့်အဖိုးတန် တကယ့်အနှစ်သာရတွေပါ သားရေ.. ကြွားချင်သလား..အဲ့ဒီရတနာတွေသာ မင်းထုတ်ကြွားစမ်းပါ.. မင်းထက် အဆပေါင်း သိန်းသန်းချီ ချမ်းသာတဲ့သူတွေက မင်းကို ဦးညွှတ်မှာဖြစ်တဲ့အပြင် တစ်လောကလုံးက သာဓု ခေါ်ပါလိမ့်မယ်ကွယ်.." (ရင်ထဲကိုအေးချမ်းသွားတာပဲ.. ကောင်းလိုက်တဲ့ အနှစ်သာရ စကားတွေပါလား..) "ကဲ အချိန်လဲ လင့်ပြီ...သားက နယ်ကိုပြန်ရမှာမဟုတ်လား.. ဘယ်နှစ်နာရီကားလဲ ကိုစိုးထိုက်.." ကျွန်တော်က လက်မှာပတ်ထားတဲ့ နာရီကိုကြည့်ပြီး.. "၄ နာရီ ဖဒို_ရန်ကုန် မြတ်ရတနာကား လက်မှတ်ဖြတ်ထားတာ အန်ကယ်..ဟုတ်.. အချိန်တောင်ကပ်နေပြီ.. ခွင့်ပြုပါအုံးခင်ဗျာ.." "ကဲကဲ...သွား..သွား... မင်းလက်က နာရီလည်း ဒီအချိန်ပဲ.. အန်ကယ့်လက်က သိန်း ၇၈၀၀ ကျော်တန်နာရီလည်း ဒီအချိန်ပဲ.. လမ်းဘေးက ၃ထောင်တန်နာရီလည်း ဒီအချိန်ပဲ.. နာရီတစ်လုံးရဲ့ တန်ဖိုးက အချိန်မှန်ခြင်းပဲသား.. လူတစ်ယောက်ရဲ့ တန်ဖိုးကတော့ ကိုယ်ကျင့်တရား နဲ့ သီလ သမာဓိ ပညာပါပဲ သားရေ.. အဓိကနဲ့ သာမည ခွဲတတ်ပါစေ.. တန်ဖိုး အစစ်ကို တန်ဖိုးထားတတ်ပါစေကွယ်.." ကျွန်တော်သည် အဖိုးမဖြတ်နိုင်သော ဆုံးမစကားတို့ကို ရင်မှာမှတ်သားလျှက် ၂သောင်း တန်နာရီ.. ၅ထောင် တန်ပုဆိုး.. ၈ထောင် တန်အင်္ကျီ.. ၃ထောင် တန်ကတ္တီပါဖိနပ်တို့ကိုစီးကာ ခိုင်မာသော ကိုယ်ကျင့်တရား နှင့် သီလ သမာဓိ ပညာကို နက်ရှိုင်းစွာ ဆောက်တည်ပြီး ဤလောကကြီးတွင် ရင်ကော့ ခေါင်းမော့ကာဖြင့် ၀င့်ဝင့်ကြွားကြွား ရှင်သန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့သည်..။....။ .......................................... အတွေးအခေါ်ကောင်းများစွာကို လမ်းညွှန်ခဲ့သော ကျေးဇူးရှင်ကြီးကို လေးစားစွာ ကန်တော့လျှက်.. #Credit #SoeHtike ကိုစိုးထိုက်(ဖဒို) 7.2.2017
No comments:
Post a Comment