Widgeds

Monday, December 12, 2016

code ISO ISO3 Name
504 MA MAR Thailand
552 MM MMR Myanmar

ပြန်လွမ်းမိတဲ့ အချိန်လေး

သတိရကြမှာပါ ငယ်ငယ်က ကျောင်းမှာ MP4 ယူလာရင် အကောင်ပဲ..............
နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေ ဘာဖြစ်လို့ လိုနေသေးတာလဲ
12-Dec-2016
အမေရိကန် ပြည်ထောင်စုမှာ အခုလက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ပြည်နယ်ဥပဒေပြု အမတ်၊ ဆီးနိတ်အမတ်နဲ့ အောက်လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီးများဟာ သူတို့ကို တစ်ယောက်ယောက်က ရွေးကောက်ပွဲ ဝင်ဖို့ လာမပြောမချင်း၊ မမေးမချင်း သူတို့ဟာ ရွေးကောက်ပွဲ ဝင်ဖို့၊ ပြည်သူတွေကို ကိုယ်စားပြုဖို့ စိတ်ကူး မရကြပါဘူးတဲ့။ ကိုယ်စားပြုနိုင်တယ်လို့လည်း တစ်ခါမှ မတွေးမိကြပါဘူးတဲ့။ ဝစ်ကွန်စင်ပြည်နယ် (Wisconsin State) ရဲ့ မြို့တော်မဒီစင် (Madison) မှာ တည်ရှိတဲ့ ပြည်နယ်လွှတ်တော် Capital ထဲမှာလည်း အရင်က အမျိုးသားတွေအတွက် အိမ်သာပဲ ရှိပါတယ်။ မဒီစင်ရဲ့ မြို့တော်ဝန် ၅၃ ယောက်ထဲမှာ Susan J.M Bauman တစ်ယောက်ပဲ အမျိုးသမီး မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးများဟာလည်း သမိုင်း တစ်လျှောက်မှာ အမျိုးသားတွေချည်းပဲ ဖြစ်ပြီး ၂၀ဝ၃ ကနေ ၂၀၁၁ ထိ ရွေးကောက် တင်မြှောက်ခံ ရတဲ့ Lieutenant Governor ဒုတိယ အုပ်ချုပ်ရေးမှူးအဖြစ် Barbara Lawton နဲ့ ၂၀၁၁ ကနေ ခုထိ တာဝန် ထမ်းဆောင်နေဆဲဖြစ်တဲ့ Rebecca Kleefisch တို့သာလျှင် ဒုတိယပြည်နယ် အကြီးအကဲအဖြစ် အမျိုးသမီး နှစ်ဦးသာ ပါဝင်ခဲ့ပါတယ်။
ကျွန်မရဲ့ အမေရိကန် ပြည်ထောင်စု လေ့လာရေး ခရီးစဉ် အတွင်းမှာ ဘာဘာရာနဲ့ တွေ့ခွင့်ရတော့ သူမရဲ့ ဒုတိယပြည်နယ် ဝန်ကြီး ဖြစ်လာပုံကို ပြန်ပြောပြပါတယ်။ သူမကို အခြားသူ တစ်ယောက်ယောက်က ရွေးကောက်ပွဲလေး ဝင်လိုက်ပါလား၊ ရွေးကောက်ပွဲ မဝင်လိုဘူးလားလို့ မမေးမချင်း ဒါ သူမလည်း လုပ်လို့ရတဲ့ အလုပ်ရယ်လို့ သတိ မပြုမိပါဘူးတဲ့။ပြည်နယ် ကိုယ်စားလှယ်အမတ် Melissa Sargent နဲ့လည်း တွေ့ခဲ့ပါတယ်။ သူမရဲ့ ဇာတ်ကြောင်းကို ပြောပြတော့လည်း သူမ ကလေး ၃ ယောက်မြောက် မွေးပြီးလို့ ဗိုက်ထဲမှာ နောက်ထပ် ကလေးတစ်ယောက် ရှိနေချိန်မှာပဲ ပြည်နယ် ဥပဒေပြု အမတ်အဖြစ် ရွေးကောက်ပွဲ ဝင်ဖို့ လူအများက သူမကို တောင်းဆိုတော့မှ ရွေးကောက်ပွဲ ဝင်လို့ရတယ်၊ ဝင်မယ်ဆိုတဲ့အတွေး ခေါင်းထဲ ရောက်လာတာပါတဲ့။ သူမဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးဆင်းစဉ် ကာလအတွင်း သူမရဲ့ မွေးခါစ ကလေးငယ်ကို ရင်မှာပိုးလို့ တစ်မျိုး၊ တွန်းလှည်းနဲ့ သယ်လို့တစ်သွယ် ကလေးတစ်ဖက်နဲ့ စည်းရုံးရေး ဆင်းခဲ့ပါတယ်။
ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးများ ပြည်သူ့ရေးရာနဲ့ အများပြည်သူဆိုင်ရာ ကဏ္ဍတွေမှာ ပါဝင်ဖို့ပြောတိုင်း ပြန်ရတတ်တဲ့ တုံ့ပြန်မှုက ဒါဟာ အနောက်နိုင်ငံက ယဉ်ကျေးမှုကြီးပါတဲ့။ အခု ကျွန်မ အနောက်နိုင်ငံတွေထဲက တစ်နိုင်ငံကို ရောက်ရတော့ သူတို့အကြောင်း၊ သူတို့ အခက်အခဲ၊ သူတို့ အတားအဆီးတွေကို နားနဲ့ ဆတ်ဆတ်ကြားပြီလေ။ အမေရိကန် အမျိုးသမီးတွေကတော့ သူတို့ကို အဲဒီလို အများပြည်သူက ရွေးကောက်ပွဲ ဝင်ပါလားလို့ ပြောလာခဲ့ရင်တောင် အမျိုးသား တစ်ယောက်လို လုပ်မယ်လို့ ချက်ချင်း ပြန်မပြောနိုင်ဘဲ “ကျွန်မ လုပ်နိုင်မယ် မထင်ဘူးရှင်၊ ကလေးတွေက ရှိသေးတယ်၊ ယောက်ျားနဲ့ တိုင်ပင်လိုက်ဦးမယ်”လို့ ပြန်တုံ့ပြန်ကြပြီး မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အိမ်နီးနားချင်း သူငယ်ချင်းတွေက ဆက်တိုက် တွန်းတော့မှ၊ ယောက်ျားဖြစ်သူက အားပေးမှပဲ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချရဲပါတော့တယ်။
အဲဒီမှာ ကျွန်မ သတိပြုမိတဲ့ အချက်က အမျိုးသမီးတွေဟာ တာဝန် တစ်ခုခု၊ နေရာ တစ်ခုခု ပေးခံရရင် အရင်ဆုံး စဉ်းစားတာက ငါလုပ်နိုင်ပါ့မလား ဆိုတာပဲ။ အမျိုးသားများက လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်နဲ့ လုပ်မယ်ဆိုတဲ့ သေချာမှုနဲ့ တုံ့ပြန်ချိန်မှာ အမျိုးသမီးများက လုပ်နိုင်ပါ့မလားဆိုတဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီတော့ ကျွန်မ ထောက်ပြလိုတာက လုပ်နိုင်ပါ့မလားလို့ ကိုယ့် အရည်အချင်းကို သံသယ မဖြစ်ဖို့ပါပဲ။ ငါလုပ်ချင်လားပဲ တွေးကြပါစို့။ လုပ်နိုင်ရဲ့လားလို့ မတွေးကြစို့နဲ့။ ဘယ်သူကမှ မွေးကတည်းက လွှတ်တော်အမတ် ဖြစ်နိုင်တဲ့ အရည်အချင်းတွေနဲ့ ဗိုက်ထဲက ထွက်မလာဘူး။ အရည်အချင်းရှိလို့ စလုပ်ကြတာ မဟုတ်ဘူး။ လုပ်ရင်းနဲ့ အရည်အချင်း ရှိလာတာ။ အဲတော့ အဆင့်တိုင်းမှာ ဦးဆောင်မှု နေရာကို မယူရင် ဦးဆောင်ခြင်း အတွေ့အကြုံကို ရမှာမဟုတ်ဘူး။ ဦးဆောင်ခြင်း အတွေ့အကြုံကိုမရရင် ဦးဆောင်နိုင်မယ်လို့ ယုံကြည်မှု ရှိလာမှာ မဟုတ်ဘူး။ အဲတော့ ကျွန်မတို့ အမျိုးသမီးတွေ နေရာ ယူကြစို့ရဲ့။ တာဝန် ယူကြစို့ရဲ့။ တာဝန်တွေ ယူနိုင်ဖို့ နေရာ ယူကြစို့ရဲ့။
ဘာကြောင့် ကျွန်မတို့ အမျိုးသမီးတွေ နေရာယူဖို့၊ တာဝန်ယူဖို့ လိုတာလဲလို့ မေးခွန်း ထုတ်လာရင် ကျွန်မတို့မှာ ဖြေစရာ အဖြေ အမြောက်အမြား ရှိပါတယ်။ စစ်ပွဲတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ အနိုင်ကျင့် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဆင်းရဲမွဲတေမှု မြင့်တက်လာနေတာတွေနဲ့ စားနပ်ရိက္ခာ ရှားပါးလာနေတာတွေ စတဲ့ ပြဿနာတွေကို ချဉ်းကပ်မှု မတူတဲ့ မူဝါဒတွေနဲ့ အဖြေရှာမယ့် အမျိုးသမီးတွေကို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေရဲ့ ဆုံးဖြတ်ချက် ချနိုင်တဲ့ ခေါင်းဆောင်မှု နေရာတွေကို အရေးတကြီး လိုအပ်နေပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ဒီမိုကရေစီ ထွန်းကားရေး၊ ဒီမိုကရေစီစနစ် အလုပ်ဖြစ်ရေးကို ရှေးရှုပြီး လွှတ်တော်များ စွမ်းအင်မြှင့်တင်ရေး အစီအစဉ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ National Democratic Institute ရဲ့ ဥက္ကဋ္ဌ မက်ဒလင်းကေ၊ အောဘရိုက်က “အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ၏ လိုအပ်ချက်များတွင် ပိုမိုထိရောက်မှု ရှိလာခြင်း၊ နိုင်ငံရေး ပါတီများ မျိုးနွယ်စုများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမို မြင့်မားလာခြင်းနှင့် ရေရှည်တည်တံ့ ခိုင်မာသော ငြိမ်းချမ်းရေး ဖြစ်စဉ်တို့ အပါအဝင် မြင်သာသော ဒီမိုကရေစီ ရလဒ်ကောင်းများ ရရှိစေပါသည်”လို့ ပြောခဲ့ပါတယ်။ အောဘရိုက်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ၆၄ ယောက်မြောက် နိုင်ငံခြားရေး ဝန်ကြီးဖြစ်ပြီး ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်အဖြစ် သူမဟာ အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံများကြား ဆက်ဆံရေးကို အားကောင်းစေခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးနဲ့ စီးပွားရေးကိုလည်းကောင်း၊ အလုပ်သမားနှင့် သဘာဝ ပတ်ဝန်းကျင် အဆင့်အတန်းကိုလည်းကောင်း တိုးမြှင့်နိုင်ခဲ့ပါတယ်။ သူမက “ဒီမိုကရေစီ မရှိဘဲ အောင်မြင်ဖို့ မဖြစ်နိုင်၊ အမျိုးသမီးများ မပါဝင်ဘဲ ဒီမိုကရေစီ ရှိဖို့ မဖြစ်နိုင်”လို့ ပြောကြားခဲ့ဖူးပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကလည်း “အမျိုးသမီးများကို အားပေးမြှင့်တင်ခြင်း နည်းလမ်းလောက် ထိရောက်သည့် ဖွံ့ဖြိုးရေးနည်းစနစ် မရှိပါဘူးလို့ အပြန်အလှန် အကြိမ်ကြိမ် လေ့လာမှုတွေက ကျွန်တော်တို့ကို သင်ကြားပေးခဲ့ပါတယ်။ အမျိုးသမီးများကို အားပေး မြှင့်တင်ခြင်းလောက် ဘယ်မူဝါဒကမှ စီးပွားရေး ထုတ်လုပ်မှု တိုးတက်လာစေခြင်း၊ ကလေးသူငယ်နဲ့ မီးတွင်း သေဆုံးမှု လျှော့ချရေးတို့ကို ပိုမို အောင်မြင်အောင် မဆောင်ရွက်နိုင်ပါဘူး။ အမျိုးသမီးများကို အားပေး မြှင့်တင်ခြင်းလောက် ဘယ်မူဝါဒကမှ အာဟာရ ပြည့်ဝစေခြင်း၊ ကျန်းမာရေး မြှင့်တင်ခြင်းနဲ့ HIV/AIDS ကာကွယ်ခြင်းတို့ကို ပိုမို အောင်မြင်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အမျိုးသမီးများကို အားပေး မြှင့်တင်ခြင်းလောက် ဘယ်မူဝါဒကမှ မျိုးဆက်သစ်များအတွက် ပညာရေး အခွင့်အလမ်းတွေ တိုးတက်စေဖို့ ပိုမို အားကောင်းစေမှာ မဟုတ်ပါဘူး”လို့ ပြောဖူးပါတယ်။
အမျိုးသမီးများ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရာတွင် ပါဝင်လာခြင်းအားဖြင့် အမျိုးသမီးများနဲ့ အခြား ဘေးဖယ် ထုတ်ခံထားရတဲ့ မဲဆန္ဒရှင်များရဲ့ လိုအပ်ချက်များ၊ အသံများကို ပိုပြီး ထင်ဟပ် ကိုယ်စားပြုလာနိုင်ပါတယ်။ ပဋိပက္ခများကို ဖြေရှင်းရာတွင်လည်း အမျိုးသားများထက် ပိုမို စွမ်းဆောင်နိုင်တာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု ပုံစံတွင်လည်း အထက်အောက် အမိန့် စီးဆင်းသည့်ပုံစံထက် ပူးပေါင်း လုပ်ဆောင်သည့်ပုံစံကို ပိုမို အသုံးပြုကြသည်ကို တွေ့ရပါတယ်။ အငြင်းအခုံ၊ အကွဲအပြဲ ပြဿနာမျိုးနဲ့ ကြုံရလျှင်လည်း အမျိုးသမီးများဟာ ပူးပေါင်း လုပ်ဆောင်လိုကြောင်း တွေ့ရပါတယ်။ လျှပ်စစ်ကုမ္ပဏီ လောကမှာ ဩဇာကြီးမားတဲ့ General Electric ကုမ္ပဏီရဲ့ အင်ဒိုနီးရှားနိုင်ငံမှ CEO ဖြစ်သူ Mr. Handry Satriago က “ယခုရာစုသစ်တွင် ကုမ္ပဏီများ၌ အမျိုးသမီးများ၏ ခေါင်းဆောင်မှု ပုံစံကို ပိုမို ရွေးချယ်လာကြပြီ”ဟု ပြောဖူးပါတယ်။ သူက လုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများ၏ အသံများကို နားထောင်ကာ၊ သူတို့နဲ့ လူမှုဆက်ဆံရေး ထူထောင်ပြီး သူတို့ လိုအပ်ချက်များကို မြင်အောင်ကြည့်ကာ ပူးပေါင်း ဆောင်ရွက်တဲ့ နှလုံးသားနဲ့ ခေါင်းဆောင်သော ခေါင်းဆောင်မှု ပုံစံကမှ အအောင်မြင်ဆုံး ခေါင်းဆောင်မှု ပုံစံဖြစ်ပါတယ်”လို့ ဆိုတယ်။
လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ် ၆၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်တဲ့ အာဖရိကတိုက်မှ ရဝမ်ဒါနိုင်ငံမှာ ကျား-မ အခြေပြု အကြမ်းဖက်မှုကို တိုက်ဖျက်တဲ့ ဥပဒေကို ၂၀ဝ၆ တွင် လွှတ်တော်အတွင်း စတင် ဆွေးနွေးနိုင်ခဲ့ပြီးတော့ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ကျွမ်းကျင် ပညာရှင်များ၊ မဲဆန္ဒရှင် ပြည်သူများနှင့် ၂ နှစ်ကြာ ဆွေးနွေးပြီးနောက် ပြဋ္ဌာန်း နိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲ အကျိုးကျေးဇူး အနေနဲ့ ရဝမ်ဒါနိုင်ငံက အကြမ်းဖက်ခံ အမျိုးသမီးများအား အခမဲ့ ဆေးဝါး ကုသပေးခြင်း၊ အကြမ်းဖက်ခံ အမျိုးသမီးများအတွက် ပြည့်စုံ ကုံလုံမှုရှိတဲ့ အားပေးမြှင့်တင်ရေး ဝန်ဆောင်မှုမျိုး ပေးထားနိုင်ခြင်းနဲ့ စစ်ဆေးရုံများတွင်ပါ အကြမ်းဖက်ခံ အမျိုးသမီးများ တက်ရောက် ကုသနိုင်ရန် စီစဉ်ထားနိုင်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ် ကာလများဆီက ဖြစ်ပျက်ခဲ့သော လူ ၈ သိန်းခန့် ရက် အနည်းငယ်အတွင်း သေဆုံးခဲ့ရတဲ့ လူမျိုးတုံး သတ်ဖြတ်ပွဲကို မျက်မြင် ကိုယ်တွေ့ ရင်ဆိုင်ခဲ့ရသော ရဝမ်ဒါနိုင်ငံအတွက် ယခုကဲ့သို့သော အခြေအနေမျိုး ရောက်လာရန် များစွာ ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော် အမျိုးသမီး ခေါင်းဆောင်မှုကို တန်ဖိုးထားတတ်သော ရဝမ်ဒါနိုင်ငံသည် အိပ်မက်ဆိုးမှ နိုးထလာနိုင်ခဲ့ပြီး အပြုသဘော ဆောင်သော အတွေးအမြင်နဲ့ ပူးပေါင်း ဆောင်ရွက်မှုများ၊ တီထွင် ဆန်းသစ်သော ခေါင်းဆောင်မှု ပုံစံများကို ယူဆောင်လာသော အမျိုးသမီးများ၏ ကြိုးစားအားထုတ် ဦးဆောင်မှုဖြင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ အနာတရများကို ကုသလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဝစ်ကွန်စင်ပြည်နယ်မှာ Emerge Wisconsin ဆိုတဲ့ အမျိုးသမီး ဒီမိုကရက်တွေကို အဆင့်တိုင်းမှာ ခေါင်းဆောင်တဲ့ တာဝန် ယူနိုင်အောင် သင်တန်းတွေ ပေးနေတဲ့ အမျိုးသမီး အဖွဲ့အစည်း တစ်ခုရှိတယ်။ သူတို့က ဝစ်ကွန်စင်ပြည်နယ်က အမျိုးသမီးများကို ပြည်သူလူထုရှေ့ စကားပြောနည်း၊ မဲဆန္ဒရှင် ပြည်သူတွေ တစ်ဦးချင်းစီနဲ့ စကား လက်ဆုံကျနည်း စတာတွေကို သင်တန်းတွေ ပေးပြီး ခုဆိုရင် သင်တန်းသူ ၁၂၀ ဟာ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်ကနေ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် အတွင်းမှာပါ ခေါင်းဆောင်နေရာတွေကနေ တာဝန် ယူနေကြပြီ။ ကျွန်မ လေ့လာခွင့်ရခဲ့တဲ့ ဒီလို အစီအစဉ်မျိုး တွေကို မြန်မာ အမျိုးသမီး ခေါင်းဆောင်လောင်းတွေကို မြန်မာပြည်မှာ အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ လိုတယ်လို့ ယူဆမိပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားလုံးမှာ တာဝန် ရှိပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေဘက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပေးရပါလိမ့်မယ်။ ဒီတော့ ကျွန်မတို့ အမျိုးသမီးများ နေရာ ယူကြစို့၊ တာဝန် ယူကြစို့၊ တာဝန်ယူဖို့ နေရာယူကြစို့။
ဇင်မင်းသူ
The Voice

Sunday, December 11, 2016

စတုတ္ထ မြောက်ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ကို အခုလအတွင်း ပေးအပ်နိုင်မယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှစုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံ၏ စတုတ္ထ မြောက်ဆက်သွယ်ရေးအော်ပရေ တာလိုင်စင်ကို ယခုလအတွင်း ပေးအပ်နိုင်မည်ဟု ဆက်သွယ် ရေး ညွှန်ကြားမှုဦးစီးဌာနမှစုံစမ်းသိရသည်။

ဗီယက်နမ်မှ Viettel ဆက် သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်း ထားသည့် စတုတ္ထမြောက်ဆက် သွယ်ရေးအော်ပရေတာ (မြန်မာ အမျိုးသားပိုင်တယ
်လီကွန်း ကုမ္ပ ဏီ)သည် ၁၅ နှစ်အတွင်း အ မေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည်။

ယခုလအတွင်း လိုင်စင်ပေး အပ်မည့် စတုတ္ထမြောက် ဆက် သွယ်ရေးအော်ပရေတာအတွက် လိုအပ်သော လှိုင်းနှုန်းစဉ်များကို အခြားသော ဆက်သွယ်ရေးအော်ပရေတာများနည်းတူ ရရှိစေရန် ချန်လှပ်ထားကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာနအဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

စတုတ္ထမြောက်ဆက်သွယ် ရေးအော်ပရေတာသည် ကွန်ရက် ဖြန့်ကြက်ရန် နိုင်ငံအတွင်း တည် ဆောက်ပြီးဖြစ်သည့် ဖိုက်ဘာ လိုင်းများနှင့် တာဝါတိုင်များ ငှား ရမ်းအသုံးပြုမည်ဟု သတင်း ထုတ်ပြန်ထားသည်။

စတုတ္ထမြောက်ဆက်သွယ် ရေးအော်ပရေတာကို မြန်မာ့ဆက် သွယ်ရေးကော်ပိုရေးရှင်းအပါအ ၀င် ပြည်တွင်းစီးပွားရေးကုမ္ပဏီ ပေါင်း ၁၁ ခုပူးပေါင်းပါဝင်ထား သည်။ မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းလက်အောက်ရှိ MECTel ဖုန်းလိုင်း အသုံးပြုသူများကို စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာနှင့် ချိတ်ဆက်ပေး မည်ဟု သတင်းများထွက်ပေါ်နေ သည်


                                                                                     Waii Yann Winn {Ninja}